Quick Links

Search This Blog

Loading...

Tuesday, April 3, 2012

Mohinga Festival

မြန်မာကလပ်က ဦးစီးကျင်းပတဲ့ မုန့်ဟင်းခါးပွဲတော်မှာ ရိုက်ခဲ့တဲ့ပုံတချို့ပါ။ ထင်ထားတဲ့အတိုင်း လူတွေကြိတ်ကြိတ်တိုးပါပဲ၊ ထင်ထားတဲ့အတိုင်း သိပ်မပျော်ခဲ့ရပါဘူး။ ဖျော်ဖြေရေးတွေနဲ့ စည်စည်ကားကားဆိုပေမယ့် ထိုင်စရာနေရာလေးတွေ စီစဉ်မပေးထားတာ နည်းနည်း ကသီတယ်ဗျာ၊ ခုံချဖို့ နေရာမရှိရင်တောင် ခန်းမပတ်ပတ်လည်မှာ စားပွဲရှည်ကြီးတွေ တန်းစီချပေးပြီး အလယ်နားမှာလည်း စားပွဲရှည် သုံးလေးလုံး ချပေးထားရင် မတ်တပ်ရပ်စားရတောင် လက်ထဲကပစ္စည်းတွေ ခဏတဖြုတ် တင်ထားလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးကို အရမ်းသဘောကျတယ်၊ ဟေးလားဝါးလား မူးပြီး လျှောက်အော်နေတဲ့ ပွဲမျိုးထက် ပိုကြိုက်တယ်၊ နည်းနည်းချင်းစီ ပြုပြင်သွားနိုင်ရင် သိပ်ကောင်းတဲ့ပွဲ ဖြစ်လာမှာပဲ။ တစ်နှစ်မှာ နှစ်ကြိမ် သုံးကြိမ် တိုးတိုးပြီး လုပ်သွားရင် ပိုကောင်းမယ် (ငတ်တာလေ၊ ငတ်တာ)။ --
ဒါကတော့ စီးတီးဟောလ်နားက ရှုခင်းတွေပါ၊ ရိုးအီနေလောက်ပါပြီ။

Sunday, March 25, 2012

The Same Old Topic Again

ဖုန်တက်နေတဲ့ စာမျက်နှာကို ဖုန်ခါရင်း တွေးမိတောမိတာတွေ ချရေးလိုက်ပါအုံးမယ်။

ဘာရယ်မဟုတ်ပါဘူး၊ ဘလော့ဂ်ရေးခြင်း အကြောင်းကိုပါ။

ဒီခေတ်ကြီးမှာ ဘလော့ဂ်ကို မြန်မာလိုရေးတယ်ဆိုတာ တော်တော်ခေါင်းစားတဲ့အလုပ်ဗျ၊ သိတဲ့အတိုင်း ဘလော့ဂ်က ဒိုင်ယာရီရေးသလို ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ဖို့သက်သက် မဟုတ်တော့ ကိုယ့်စိတ်ကူးစိတ်သန်းတွေအပြင် ဖတ်စေချင်တဲ့သူတွေကို ပေးချင်တဲ့မက်ဆေ့ချ်လေးပါ ထည့်ပေးရတော့ ဒိုင်ယာရီရေးသလောက် မလွယ်လှဘူး။ အဲ၊ ဘလော့ဂ်တစ်ခုဖွင့်ပြီး ဘယ်သူ့ကိုမှမပြပဲ ကိုယ်ဖတ်ဖို့သက်သက်ဖြစ်စေ၊ တခြားလူ သုံးလေးယောက်လောက်ကို ရေးပြဖို့ပဲဖြစ်စေ ရေးနေသူတွေလည်း ရှိမှာပါ၊ အဲလိုလူမျိုးကို ပြောတာမဟုတ်ပါဘူး၊ ကျနော်သိသလောက် မြန်မာဘလော့ဂ္ဂါ အများစုက ကျနော့်လိုပဲ ကိုယ့်နဲ့ သိတဲ့သူတွေရော မသိတဲ့သူတွေပါ ဖတ်စေချင်တဲ့ဆန္ဒနဲ့ ဘလော့ဂ်ရေးနေကြတာဆိုတော့ ခုပြောချင်တာက အဲဒီ လူများစုကိုပါ။ ဘလော့ဂ်ဆိုတဲ့ ကြားခံနယ်ကနေ ဆက်သွယ်ကြတဲ့အခါ အရင်ဆုံးအနေနဲ့ ပေးပို့သူ ဘလော့ဂ်ပိုင်ရှင်နဲ့ လက်ခံသူ စာဖတ်ပရိသတ်အကြား ဘာသာစကားက တူရပါမယ်။ မြန်မာတော့မြန်မာပဲ၊ ဒါပေမဲ့...

ယူနီကုတ်ဖောင့်လား ဇော်ဂျီလား

ခုဘလော့ဂ်ဖြစ်ဖြစ် ဝက်ဘ်ဆိုက်ဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် အရင်ဆုံးထွက်လာတဲ့ ပြဿနာက အဲဒါပါ၊ အရင်ဆုံး ပြောရအောင်လည်း အဲဒါက အရင်ဆုံးမဟုတ်ပြန်ဘူးဗျ။ ဟိုး လေးငါးခြောက်နှစ်တုန်းက ပြဿနာက မြန်မာစာကို ပေါ်အောင်လုပ်ဖို့ပေါ့လေ၊ အဲဒီတုန်းက ဇော်ဂျီရယ်၊ နောက်ပြီး သူ့ကို မသွင်းလည်း IE မှာ ဖတ်လို့ရနိုင်တဲ့ eot ရယ် ကျေးဇူးတွေကြောင့် ဘလော့ဂ်တွေ တော်တော်လေး အဆင်ပြေပြေနဲ့ ရေးလာနိုင်ကြတယ်၊ မြန်မာစာပေါ်ရင် ပြီးပြီ။ အခုကျတော့ အဲသလိုမဟုတ်တော့ဘူး၊ ဇော်ဂျီက မြန်မာတွေရဲ့ စက်တွေထဲမှာ မရှိမဖြစ် ဖောင့်တစ်ခုတောင် ဖြစ်လာပြီဆိုတော့ ဘလော့ဂ်မှာ embedded လုပ်လုပ် မလုပ်လုပ် ဖတ်တဲ့သူက အေးဆေးဖတ်သွားနိုင်တယ်၊ မသကာ setting နည်းနည်းပါးပါး ပြောင်းလိုက်ရုံပဲ။ ဖြစ်ချင်တော့ အဲဒီဖောင့်က စံမမှီဘူးဆိုပဲဗျ (မလိုက်နာဘူးဆိုတာ မမှီတာပါပဲ)၊ ဒီလိုနဲ့ နိုင်ငံတကာ ယူနီကုတ်စံနှုန်းကို လိုက်နာပါတယ်ဆိုတဲ့ ယူနီကုတ် စံချိန်မှီ ဖောင့်တွေ ပေါ်လာပြန်တယ်၊ အဲဒီတော့ ဟိုးအရင် ဘယ်လိုပေါ်အောင်လုပ်မလဲ ဆိုတဲ့ မေးခွန်းကနေ အခု ဘာဖောင့်သုံးမလဲ ဖြစ်သွားပြီ။ အင်း၊ ရီရတာက ဖောင့်တွေအချင်းချင်း မတည့်ကြဘူး၊ ဒီဖောင့်သွင်းရင် ဟိုဖောင့်ဖတ်မရ၊ ဟိုဖောင့်သွင်းရင် ဒီဖောင့်ဖတ်မရ၊ လောလောဆယ် လူများစုသုံးတဲ့ ဇော်ဂျီကတော့ စင်ပေါ်ကပါပဲ၊ စံမှီတာမမှီတာ နောက်ကိစ္စ၊ ဖတ်လို့ရဖို့ ပိုအရေးကြီးတယ်လေ။ ယူနီကုတ်ကျပြန်တော့ စံမှီတာ ကောင်းပါရဲ့၊ သို့ပေမယ့် ကျနော့်လို သုံးစွဲသူအဖို့ကတော့ စင်းလုံးချောကြီး မဟုတ်ပြန်ဘူးဗျာ၊ Android ဖုန်းမှာ ဖတ်လို့မရတဲ့ အချက်တစ်ချက်တည်းနဲ့တင် တော်တော်စိတ်ပျက်မိတယ်၊ ပန်းသီးမှာ နှစ်ခုလုံးအဆင်ပြေပြေနဲ့ ဖတ်နိုင်သလိုမျိုး ပလက်ဖောင်းတိုင်းမှာ ဖတ်နိုင်ရင် ဇော်ဂျီကိုစွန့်ပြီး ယူနီကုတ်ကို ရာနှုန်းပြည့် သုံးဖြစ်မှာသေချာတယ်၊ ခုတော့ အဲလိုလည်း မဟုတ်သေးဘူး၊ IE ၊ Firefox ၊ Chrome အဲဒီ လူသုံးများတဲ့ browser လေး သုံးခုထဲမှာတင် မြန်မာလို ဖတ်ရဖို့အရေး setting အမျိုးမျိုးပြောင်းရ ပြုရနဲ့ သာမန်လူတွေ ဘယ်လုပ်တတ်မလဲဗျာ။ ဇော်ဂျီလို လူသုံးများတဲ့ ဖောင့်က စံမမှီဘူးဆိုတာနဲ့ ပတ်သက်ပြီး အရင်က ကျနော် ဒီလို လူဗြိန်းတွေးတွေးမိသေးတယ်၊ အကယ်၍သာ ဖောင့်ကိုယ်၌က တီထွင်သူတွေ တခုခုလိုသွားလို့ စံမမှီဘူးဆိုရင် ဖောင့်ကို ဝိုင်းပြင်သင့်တယ်၊ ဒါမှမဟုတ် စံကိုယ်၌က လိုက်နာဖို့ ခက်ခဲလွန်းအားကြီး နေရင်တော့ အဲဒီစံကို သင့်တော်သလို ပြင်လိုက်သင့်တယ်၊ စံရော၊ ဖောင့်ရော လူတွေက တီထွင်သတ်မှတ်ထားတာပဲလေ၊ ဘာလို့ မပြင်နိုင်ရမှာလဲပေါ့ (Android မှာ မပေါ်တာကတော့ သူ့ရဲ့အားနည်းချက်လို့ ထင်ရတာပဲ၊ တချိန်ချိန်မှာ အဆင်ပြေသွားမယ် ထင်ပါတယ်)။ ယိုးဒယားစာ၊ အာရပ်စာ၊ ဟိန္ဒူစာတွေ မြန်မာစာထက် လွယ်ကူနေလို့ သူများတွေ ညီညီညွတ်ညွတ် လုပ်ပြီးသွားကြတာလား၊ ဒါမှမဟုတ် မြန်မာစာက အင်မတိအင်မတန် ခက်ခဲနက်နဲနေလို့လား၊ ဒါမှမဟုတ် ကိုယ်တွေကပဲ မညီညွတ်လို့ ခုထိ ကောင်းအောင် ပြီးအောင်မလုပ်နိုင်သေးတာလား ပေါ့လေ။ ခုတော့လည်း ယူနီကုတ်စံကို အပြည့်အဝ လိုက်နာနိုင်တဲ့ ဖောင့်တွေရှိနေပြီလို့ ဆိုနေပြန်တော့ ေဩာ်၊ ဒါ စံကြောင့်မဟုတ်ဘူးလို့ သိသွားပြန်ရော၊ ဒီတော့ စံလည်း အိုကေတယ်၊ ဖောင့်တွေလည်း အိုကေနေပြီ၊ အခု ဒီပြဿနာက သုံးစွဲသူ ယူဆာတွေအပေါ် လုံးဝကြီး မူတည်သွားပြီ၊ ဇော်ဂျီလား၊ ယူနီကုတ်ဖောင့်လား။ သေချာတာကတော့ နောက်နောင် software တွေက မြန်မာစာကို support လုပ်ချင်လှပါတယ် ဆိုရင် ယူနီကုတ်စံကို လိုက်နာထားတဲ့ ဖောင့်ကိုပဲ ထည့်စဉ်းစားမှာပါ၊ ဒါက ပေါ့သေးသေး ကိစ္စမဟုတ်တဲ့ ပေါ့ကြီးကြီးကိစ္စပါ၊ စာရေးရေး၊ စာဖတ်ဖတ်၊ မြန်မာယူဆာတွေ ကိုယ့်လမ်းကို ကိုယ်ရွေးနေကြတာပါ၊ ကိုယ်အသုံးများတဲ့ ဖောင့်က အပြစ်အနာဆာ မကင်းဘူးဟေ့ ဆိုရင် စံမှီတဲ့ဖောင့်ကို (ခဏတဖြုတ်ဖြစ်စေ) ပြောင်းသုံးလိုက်ခြင်းအားဖြင့် ကိုယ်သုံးနေတဲ့ဖောင့်ရဲ့ တီထွင်သူတွေကို ပြုပြင်ချင်စိတ် ပေါ်လာအောင် တွန်းအားပေးသင့်တယ်၊ သူပြင်ပြီးတော့မှ ပြန်သုံးပေါ့၊ ဘာခက်တာမှတ်လို့။ ဒါက ယူနီကုတ်သမားတွေဖက်ကနေ အင်တိုက်အားတိုက် တွန်းနေလို့လည်း အလုပ်မဖြစ်မှာ သိပ်သေချာတယ်၊ ဘာလို့လဲဆိုတော့ အားလုံးရပ်နေပြီလေ၊ ဒီအခြေအနေကိုပဲ ကျေနပ်နေကြပြီလေ။

ဒါမှမဟုတ်...

ဒီကိစ္စက ပေါ့ကြီးကြီးဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍက ဘာလဲ၊ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ ဒီတိုင်းပစ်ထားတာလဲ၊ ဆိုပါစို့၊ ပညာရေးဝန်ကြီးဌာနအောက်မှာ ကော်မတီတစ်ခုဖွဲ့ပြီး ခြောက်လဖြစ်စေ တစ်နှစ်ဖြစ်စေ ကိုင်တွယ်လိုက်ရင် မပြီးနိုင်ဘူးလား။ စံမမှီတဲ့ ဖောင့်တွေကို တားမြစ်ကန့်သတ်တဲ့ ကန်ပိန်းမျိုး အကြီးအကျယ်လုပ်လို့ မရနိုင်ဘူးလား။ ဒီတိုင်းပစ်ထားရင်တော့ နောက်နောင် ကျောင်းတွေမှာ ကွန်ပြူတာသင်တန်း မစခင် အေး၊ မြန်မာတော့ မြန်မာစာပဲ၊ ဒါပေမဲ့ ဇော်ဂျီက ဘယ်လိုကွ၊ မြန်မာသရီးကတော့ ဘယ်လိုကွ၊ ယွန်းချိုက ဘယ်လိုကွ၊ ရုုံးသုံးက ဘယ်လိုကွ၊ အင်တာနက်မှာက ဘယ်လိုကွ၊ ယူနီကုတ်မှာတော့ ဒီလိုသတ်မှတ်တာကွ၊ ဘာလို့ လွဲနေသလဲဆိုတော့ ဒီလို ဒီလို ရှိတယ်ကွ ဆိုတဲ့ ရှင်းလင်းချက်မျိုးကို လေးငါးနာရီလောက် အချိန်ပေးပြီး ရှင်းပြရမယ်ထင်တယ်၊ ဒါက တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ရှင်းပြနေရမှာနော်၊ အဆိုးဆုံးကတော့ ဆရာဆယ်ယောက်မှာ တိတိကျကျ ရှင်းပြနိုင်မယ့်ဆရာက တစ်ယောက်ရှိရင် ကံကောင်း၊ အဲလိုဆရာမျိုးက ရှင်းပြပြီး နားလည်သွားမယ့် ကျောင်းသားက ဆယ်ယောက်မှာ တစ်ယောက်ရှိရင် ကံကောင်းဗျာ (စိတ်ချ၊ ကျနော်ကတော့ အဲလိုကျောင်းသားမဟုတ်တာ သေချာတယ်)။ ဆိုတော့ အခုကတည်းက ပညာရှင်တွေကို ဆွဲစိပြီး တစ်ခုခုလုပ်သင့်တယ်ဗျ၊ ဆန့်ကျင်သံတွေ ရှိမှာကတော့ အသေအချာပဲ၊ နားမလည်လေလေ၊ ဆန့်ကျင်လေလေ ဖြစ်မှာပဲ၊ အဲဒါကို ဖြတ်ကျော်နိုင်ဖို့ လူအင်အား ငွေအင်အား အာဏာအင်အား သုံးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းက အစိုးရပဲလေ။ အစိုးရက ဘာမှမလုပ်ရင် (လုပ်ရင်လည်း လုပ်နေမှာပေါ့၊ ကျနော်မသိဘူး) ပြည်သူတွေက ဖိအားပေးရမှာပေါ့၊ မဟုတ်ဖူးလား၊ မြစ်ဆုံက အရေးကြီးတယ်၊ တကယ်တွေးကြည့်ရင် ဒါလည်း အရေးကြီးတာပါပဲ။
--
ကျနော် တစ်ဦးတည်းအနေနဲ့ကတော့ ဘာအစွဲမှမရှိဘူး၊ သို့သော် စံ ကိုတော့ တန်ဘိုးထားပါတယ်။ အများညီရင် ဤကိုကျွဲဖတ်တဲ့ အလေ့အထကို လုံးဝဆန့်ကျင်ပါတယ်၊ ဤဟာဤ၊ ကျွဲဟာကျွဲပါပဲ၊ ခုဖတ်နေတာ မြန်မာသရီးနဲ့ပါ၊ ယူနီကုတ်စံကို လိုက်နာတဲ့ ဖောင့်တွေထဲကတစ်ခုပါ။

Saturday, March 17, 2012

35mm f/2

ဒီရက်ပိုင်း 35mm f/2 ဝယ်ဖြစ်တယ်၊ တပတ်နွမ်းပါပဲ။ ဒီနေ့မှ ထုတ်ရိုက်ဖြစ်တယ်၊ ကြိုက်ပါတယ်။